နှာခေါင်းနဲ့ အနားတစ်ဝိုက်မှာ အကြိတ်ဖြစ်ပေါ်ခြင်း
လက္ခဏာများ
- နှာခေါင်းထဲကို လေရှူသွင်းဖို့ ခက်ခဲခြင်း
- အနံ့ပျောက်ခြင်း
- နှာခေါင်းသွေးလျှံခြင်း
- နှာခေါင်းမှ အရည်များကျခြင်း
- မျက်နှာယောင်ယမ်းခြင်း၊ နာခြင်း
- မျက်ရည်ကျခြင်း
- ပါးစပ်ရဲ့ ခေါင်မိုးမှာ နာခြင်း၊ အနာဖြစ်ခြင်း
- အမြင်အာရုံ ပြသာနာ
- လည်ပင်းမှာ အကြိတ်ဖြစ်ခြင်း
- ပါးစပ်ဖွင့်ဖို့ခက်ခဲခြင်း တို့ဖြစ်ပါတယ်။
အကြောင်းအရင်း
မျိုးရိုးဗီဇပြောင်းလဲမှုဖြစ်စဉ်ကြောင့် ပုံမှန်ကျန်းမာတဲ့ ဆဲလ်တွေနေရာမှာ မူမမှန်တဲ့ဆဲလ်တွေ အစားထိုးလာပါတယ်။ ကျန်းမာတဲ့ဆဲလ်တွေဟာ သတ်သတ်မှတ်မှတ် နှုန်းတစ်ခုနဲ့ ကြီးထွားတယ်၊ နောက်ဆုံးမှာ သေချိန်တန်ရင် သေဆုံးသွားတယ်။ မူမမှန်တဲ့ဆဲလ်တွေကတော့ ကြီးထွားတယ်၊ စည်းလွတ်ဝါးလွတ် ပွားများတယ်၊ ပြီးရင် မူမမှန်ဆဲလ်တွေ စုဝေးပြီး အလုံးအကြိတ်အနေနဲ့ ဖြစ်လာပါတယ်။ အကယ်၍ ဒီမူမမှန်ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အကြိတ်ကြီးဟာ ကင်ဆာဖြစ်နေခဲ့ရင် အနီးအနားကတစ်ရှူးတွေဆီကိုပါ ထိုးဖောက်ဝင်ရောက်တယ်။ ဒါ့အပြင် ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေကိုပါ ပျံ့နှံ့သွားပါတယ်။
ဖြစ်စေနိုင်တဲ့ အချက်များ
- ဆေးလိပ်သောက်ရင်
- ဆေးလိပ်ငွေ့တွေ ရှူရှိူက်နေရရင်
- လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်
- ဓာတုပစ္စည်းများနဲ့ ထိတွေ့နေရရင် (ဥပမာ သစ်သားမှုန်၊ ကော်ရှို့ရာမှ ထွက်လာတဲ့ အငွေ့၊ အရက်၊ အရက်ပျံ၊ ခရိုမီယမ်၊ နီကယ် စသည့်)
- လိင်မှတစ်ဆင့်ကူးစက်တဲ့ Human Papilloma ဗိုင်းရပ်စ်
ရောဂါရှာဖွေပုံ
- နှာခေါင်းလမ်းကြောင်းတစ်လျှောက်နဲ့ အခန်းငယ်တွေအတွင်းကို ကြည့်ဖို့အတွက် ကင်မရာတပ်ဆင်ထားတဲ့ မှန်ပြောင်းကို နှာခေါင်းပေါက်မှာတစ်ဆင့် ထည့်ကာ ကြည့်ရှူခြင်း (Nasal endoscopy)
- မှန်ပြောင်းမှတစ်ဆင့်ကြည့်ရင်း နှာခေါင်းနဲ့ အနားတစ်ဝိုက်ကအကြိတ်ဆီမှ အသားစယူကာ ဓာတ်ခွဲခန်းမှာ ကြည့်ရှူစစ်ဆေးခြင်း (biopsy)
- နှာခေါင်းလမ်းကြောင်းနဲ့ အခန်းငယ်တွေကို ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT)
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
ကုသပုံ
၁) အကြိတ်ကိုခွဲစိတ်ဖယ်ရှားခြင်း
Open surgery - နှာခေါင်းနဲ့ပါးစပ်နားမှာ ဓားရာပေးကာ ဖွင့်ဟခွဲစိတ်ပါတယ်။ အနီးအနားက အရိုးတွေပါ ပျက်စီးရင် တစ်ခါတည်း ဖြတ်တောက်ဖယ်ရှားပါတယ်။
Minimally invasive surgery- မှန်ပြောင်းကင်ဆာမှတစ်ဆင့်ကြည့်ကာ အထူးကိရိယာများဖြင့် ခွဲစိတ်ပါတယ်။
၂) ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
၃) ကင်ဆာဆေးများ သောက်သုံးခြင်း၊ သွင်းခြင်း (Chemotherapy )
၄) ဖြစ်ပေါ်လာတဲ့ဝေဒနာတွေကို သက်သာအောင် ကုသပေးခြင်း (Palliative care)
ကာကွယ်စရာ နည်းလမ်းများ
- ဆေးလိပ်ဖြတ်ပါ။ မသောက်ဖူးသေးရင် စမသောက်ပါနဲ့။ သောက်လက်စဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဖြတ်ဖို့ ကြိုးစားပါ။
- အလုပ်ထဲမှာ အန္တရာယ်ရှိတဲ့အငွေ့တွေ လည်ပတ်နေတတ်ရင် နှာခေါင်းစည်းအကာအကွယ်ကို လုံခြုံအောင် ဝတ်ဆင်ပါ။
ရေးသားသူ - Dr. May Myat Tun